International News

နိုဝင်ဘာလအတွင်း ဝါချည်မျှင်ဈေးကွက် အားပျော့ခဲ့

Last Updated:

နိုဝင်ဘာလ (၁) ရက်နေ့တွင် ရှန်တုန်းပြည်နယ်ရှိ 21S အမျိုးအစား ဝါချည်မျှင်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀,၀၃၃) ဖြစ်ခဲ့ပြီး၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် တစ်တန်လျှင် ယွမ်ငွေ (၂၉,၀၃၃) ဖြစ်ခဲ့ရာ၊ တစ်လအတွင်း (၃.၃၃) ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ သို့ရာတွင် ၎င်းဈေးနှုန်းမှာ ယခင်နှစ်ကထက် (၃၇.၄၄) မြင့်တက်နေ ဆဲဖြစ်ပါသည်။

နိုဝင်ဘာလ (၃၀) ရက်နေ့တွင် 32S အမျိုးအစား ဝါချည်မျှင်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀,၅၃၃) ဖြစ်ခဲ့ပြီး၊ ယခင်လကထက် (၃.၃၈) ရာခိုင်နှုန်း ကျဆင်း ခဲ့ပါသည်။ အထည်အလိပ်ကုန်ချောထုတ်လုပ်သည့်လုပ်ငန်းများ၏ ကုန်ကြမ်းစုဆောင်းချိန်မှာ တစ်လခန့်ဖြစ်ခဲ့ကာ၊ လုပ်ငန်းလည်ပတ်သည့်နှုန်းမှာ အနည်းငယ်ကျ ဆင်းခဲ့ပါသည်။ နိုဝင်ဘာလ (၂၆) ရက်နေ့ရှိ စာရင်းများအရ အဓိကထုတ်လုပ်ရာဒေသများရှိ အထည်အလိပ်လုပ်ငန်းများ၏ ချည်ခင်သိုလှောင်စုဆောင်းချိန်မှာ (၂၀.၅) ရက်ဖြစ်သဖြင့် ယခင်ရက်သတ္တပတ်ကထက် (၀.၉) ရက် လျင်မြန်လာခဲ့ကာ၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၅.၆၇) ရာခိုင်နှုန်းမြန်ဆန်လာခြင်း ဖြစ်ပါသည်။

ကုန်ချောဈေးကွက် လုပ်ငန်းဆောင်ရွက်ချက်များမှာ အားနည်းနေပြီး၊ သမာရိုးကျကုန်ပစ္စည်းများအတွက် ကုန်အမှာစာများမှာ သာမန်မျှသာဖြစ်နေကာ၊ သင်္ဘော တင်ပို့မှုများမှာလည်း နှေးကွေးနေပါသည်။ လက်ရှိအချိန်တွင် ဝယ်လိုအားဘက်မှ အဝယ်လျော့ကျနေသောကြောင့် ဝါချည်ခင်ရောင်းချသည့်ဘက်မှ ကုန်ကြမ်းဖြည့် ဆည်းရာတွင် သတိထား၍ ဆောင်ရွက်နေရသည့် အနေအထားဖြစ်နေပါသည်။ ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဝါချည်မျှင်ဈေးနှုန်းများ တဖြည်းဖြည်းတက်လာခဲ့ရာ၊ polyester ချည်မျှင်နှင့် viscose ချည်မျှင်များ၏ ဈေးနှုန်းခြားနားချက်မှာ ကွာဟလာခဲ့ကာ၊ စံချိန်တင်လောက်သည်အထိ ဖြစ်ခဲ့ပါသည်။ နိုဝင်ဘာလ (၃၀) ရက်နေ့ တွင် တရုတ်နိုင်ငံ၏ 3128B lint (အဝတ်ပါး) ဈေးနှုန်းအညွှန်းကိန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂၂,၅၄၄) ဖြစ်ပါသည်။ 1.4D*38mm polyester staple fiber ၏ ပြည်တွင်းဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၇,၁၈၅) ဖြစ်ပါသည်။ 1.2D*38mm viscose staple fiber ၏ ပြည်တွင်းဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၃,၉၆၀) ဖြစ်ပါသည်။ ဓာတုနည်းလမ်းဖြင့် ထုတ်လုပ်ထားသည့် အထည်စများ၏ ဈေးနှုန်းမှာ ပိုမိုအားသာချက်ရနေသော်လည်း၊ ဝါချည်အစစ်များဖြင့်ထုတ်လုပ်ထားသည့် အထည်စများကို အစားထိုးအသုံးပြုမှုမှာလည်း ပိုမိုများပြားလာသည်ကို တွေ့ရပါသည်။

ကြိုရောင်းကြိုဝယ်ဈေးနှုန်းများအားဖြင့် Zheng Cotton ၏ ရက် (၃၀) ကြိုရောင်းကြိုဝယ်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၂၀,၅၆၅) ဖြစ်ပါသည်။ ၎င်းဈေးနှုန်းမှာ ပြီးခဲ့သည့် လအတွင်း ဖြစ်ပေါ်ခဲ့သည့် တစ်တန်ဈေးနှုန်းအောက် ယွမ်ငွေ  (၁,၀၀၅)ခန့် ကျဆင်းခဲ့ပါသည်။ ဝါချည်မျှင်ကြိုရောင်းကြိုဝယ်ဈေးမှာလည်း အကျဘက်သို့ ရောက်နေပြီး ရက် (၃၀) ကြိုရောင်းဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၂၇,၇၅၀) ဖြစ်ကာ၊ ယခင်လကထက် ယွမ်ငွေ (၁,၇၅၀) ကျဆင်းခဲ့ပါသည်။ ဝါချည်ဈေးကွက်မှာ နိုဝင်ဘာလအစောပိုင်းတွင် တက်ရိပ်ပြခဲ့ပြီးမှ နောက်ပိုင်းတွင် ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ နိုဝင်ဘာလနှောင်းပိုင်းတွင် ဝါခင်းများ ရိပ်သိမ်းချိန်ပြီးဆုံးကာ ကုန်စည်အသစ် ပြုပြင်ထုတ်လုပ်မှု အရှိန်မြှင့်တင်ဆောင်ရွက်လာပြီဖြစ်သောကြောင့် အရောင်းပိုင်းတွင် နှေးကွေးလာခြင်းလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ National Cotton Market Monitoring System မှ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ရရှိသည့် စာရင်းများအရ နိုင်ငံတစ်ဝှမ်းလုံးတွင် lint တန်ချိန် (၄၅၃,၀၀၀) ကို ထုတ်လုပ်ထားပြီးဖြစ်ကြောင်းနှင့် အဆိုပါထုတ်လုပ်မှုမှာ ယခင်လကထက် (၁၀.၃) ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။ lint တန်ချိန် (၁၂၉,၀၀၀) ကို ရောင်း ချထားပြီးဖြစ်ကာ၊ ယခင်လကထက် (၇.၉) ရာခိုင်နှုန်း ကျဆင်းကြောင်း သိရပါသည်။

ကုန်ကြမ်းဝယ်ယူလေ့ရှိသည့် ကုန်ချောအထည်ကုမ္ပဏီများ၏ ဝယ်ယူမှုမှာ အဓိကအားဖြင့် ဝါချည်အရန်ထားရှိမှုအတွက် လေလံဆွဲသည့်အပေါ်တွင်လည်း မူတည် ပါသည်။  ယခုအခါ အရန်ထားရှိသည့် ဝါချည်ရောင်းချသည့်ဈေးနှုန်းများကိုလည်း လျှော့ချ၍ ပြင်ဆင်သတ်မှတ်ထားသည့်အပြင်၊ နိုဝင်ဘာလအတွင်း အရန်ထားရှိ သည့် ဝါချည်တန်ချိန် (၄၇၅,၇၀၀) ကိုလည်း ဈေးကွက်တွင် ဖြန့်ဖြူးခဲ့သည်ကလည်း ရှိနေပါသည်။ တရုတ်နိုင်ငံ၏ အချို့နေရာများတွင်  လျှပ်စစ်အသုံးပြုခများ ကြောင့် အမြတ် အစွန်းရရှိမှု နည်းပါးလာသဖြင့် အသေးစားအထည်ကုမ္ပဏီအချို့မှာ ၎င်းတို့၏ ထုတ်လုပ်မှု ကို လျှော့ချထားကြသည်လည်း ရှိနေပါသည်။ စာရင်းများအရ အောက်တိုဘာလအတွင်း အဝတ်အထည်နှင့် အထည်အလိပ် လက်လီရောင်းချမှုမှာ ယွမ်ငွေ (၁၂၂.၇၂) ဘီလီယံရှိခဲ့ပြီး၊ စက်တင်ဘာလကထက် (၁၅.၄၆) ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း၊ ယခင်နှစ်ကထက် (၃.၃) ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရပါသည်။ အဝတ်အစားအသစ်များကို လက်လီဝယ်ယူကြ သည့် ပွဲတော်ရာသီများမှာလည်း မကြာမီကုန်ဆုံးတော့မည် ဖြစ်ပါသည်။

ယေဘုယျအားဖြင့် ဝါချည်လုံးကုန်ချောများထုတ်လုပ်သည့် လုပ်ငန်းများဘက်မှ ကုန်အမှာစာရှိမှသာ ကုန်ကြမ်းဝယ်ယူလေ့ရှိကြသည့်အတွက် လက်ရှိအချိန်တွင် ဝါချည်ကုန်ကြမ်းဈေးကွက်မှာ အားနည်းလာသည်ကို တွေ့ရပါသည်။ တစ်နည်းအားဖြင့် စောင့်ကြည့်နေရသည့် ဈေးကွက်အနေအထားဖြစ်နေသောကြောင့် ရေတို ကာလတွင် ဝါချည်မျှင်ဈေးကွက် ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိနေပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၂-၁၂-၂၀၂၁)

Category: International News